Friday, 30 December 2011

ဒီဇင်ဘာမျက်ရည်

ပျော်ရွှင်စရာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်

မိဘတွေရဲ့ အဝေးမှာ ခွဲခွာပြီး ကျွန်မအစ်မနဲ့ ကျွန်မ ရန်ကုန်မှာ ဘဝတိုးတက်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့က တနင်္ဂနွေနေ့ ဆိုတော့ အစ်မနဲ့ ကျွန်မ အားလပ်ရက် ဖြစ်တဲ့အတွက် သူငယ်ချင်းတွေဆီ အလည်သွားခဲ့ကြတယ်။ ညနေ ကျွန်မပြန်လာတော့ ကျွန်မအစ်မက ကျွန်မထက် အရင် အဆောင်ကို ပြန်လာခဲ့တယ်။ ကျွန်မအပေါ် အမြဲ အနွံတာခံတဲ့ ကျွန်မအစ်မရှိုက်ကြီးတငင်ငိုနေခဲ့တယ်။ တစ်ခါမှ မငိုဖူးတဲ့အစ်မ အဲဒီလို ငိုနေတော့ ကျွန်မ အရမ်းလန့်သွားတာပေါ့။ ကျွန်မက " ဘာဖြစ်လို့ ငိုနေတာလဲ၊ ဘယ်သူနဲ့ ဘာဖြစ်လာလို့လဲ" မေးတော့
အစ်မ ဘာမှ မဖြေခဲ့ဘူး။ ".... "
"ဘာမှ မပြောတော့ ဘယ်လိုလုပ်ပေးလို့ရမှာလဲ ပြောလေ"
အစ်မ တအားကို ငိုနေတုန်းပါပဲ။
အတော်ကြာတော့မှ အစ်မ ငိုရင်းနဲ့ပဲ ပြောခဲ့တယ်
"ခုနက မေမေဖုန်းဆက်တယ် ဦးစိုး၊ အန်တီလေးနဲ့ ညီမလေးတို့ မကွေးကို ဒီနေ့မနက်သွားတယ်တဲ့ ညီမလေး မကွေးမှာ အလုပ်လုပ်ဖို့ လိုက်ပို့ကြတယ် ........" အတော်ကြာ တိတ်ဆိတ်နေခဲ့တယ်။
"အဲဒါ မကွေးသွားတော့ ဘာဖြစ်လဲ" ကျွန်မထပ်မေးတော့မှ
"ရေနံချောင်းအထွက်မှာပဲ ကားမှောက်လို့တဲ့"
ကျွန်မတအားလန့်သွားတယ်။ ဒီလောက် အစ်မက ငိုနေမှတော့ ကျွန်မခန့်မှန်းမိလိုက်ပါတယ်။ ဒါပေမဲ့ ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေတုန်းမှာပဲ အစ်မက ဆက်ပြောတယ်
"ညီမလေး က လက်ထိသွားတယ်တဲ့ အရိုးကျိုးရုံပဲတဲ့.. အန်တီလေးကတော့ ခေါင်းကိုထိသွားတယ်တဲ့................." အစ်မ ငြိမ်နေပြန်တယ် ခုထိ ဘယ်သူမှတော့ ဆိုးဆိုးဝါးဝါးမဖြစ်သေးဘူး ကျွန်မလည်း ဦးလေး ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေဆဲမှာပဲ
"ဦးစိုးကတော့ ကားခေါင်မိုးပေါ်ကနေ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မစီးဖူးဘဲ လူတွေအရမ်းကြပ်တာနဲ့ စီးလိုက်တာတဲ့ ကားမှောက်တဲ့အချိန်မှာ ကားခေါင်မိုးပေါ်ကနေ လွင့်စင်ပြီး ဘေးက သစ်ပင်ကို သွားရိုက်ပြီး ပြုတ်ကျတာ နေရာမှာပဲ ......." ကျွန်မဆုတောင်းမပြည့်ခဲ့ပါဘူး။ ဒီအချိန်မှာ ကျွန်မ မငိုနိုင်သေးဘူး အချိန်က ညနေ ၃ နာရီကျော်နေပြီ။ ရန်ကုန် - ရေနံချောင်းကားတွေက ညနေ ၄ နာရီဆို ထွက်ပြီဆိုတော့ ကျွန်မတို့ မကွေးကားကို မှီအောင် သွားရမယ်။ ကျွန်မက ရေနံချောင်းကို ဦးလေးကို လိုက်ပို့ဖို့ အမှီ ချက်ချင်းပြန်မယ်လုပ်တော့ အစ်မက
"မေမေက ဒီနေ့ပြန်လာလည်း မှီမှာမဟုတ်တော့ဘူးဆိုတော့ ပြန်မလာနဲ့တော့တဲ့"
"ဘယ်ဖြစ်မလဲ မပြန်လို့တော့ မရဘူး မှီအောင်ပြန်မယ် မရရတဲ့ကားနဲ့ ပြန်မယ် ဘယ်နှဆင့်ပဲ စီးရ စီးရ နည်းလမ်းတော့ရှာရမှာလဲ ငိုနေလို့ ပြီးမှာလား မကွေးကား မရှိတော့လည်း အောင်လံကနေ တစ်ဆင့်ပြန်မယ် တစ်ခါမှတော့ အဲလို မစီးဖူးပေမယ့် ဒီအချိန်ပြန်ရင် ညအမှောင် အောင်လံကို ရောက်မှာပဲ အဲဒီကနေ မေးမြန်းပြီး မကွေး၊ မကွေးကနေ ရေနံချောင်းပြန်မယ် အစ်မ လိုက်ချင်ရင် လိုက်ခဲ့ ကြောက်ရင် နေခဲ့" ကျွန်မဘာကိုမှ မစဉ်းစားနိုင်တော့ဘူး ကြောက်စိတ်ရှိပေမယ့် အဲလိုမှ မလုပ်ရင် ဘယ်လိုမှ ကျွန်မဦးလေးရဲ့ နောက်ဆုံးခရီးကို လိုက်မပို့နိုင်တော့ဘူးလေ။ ကျွန်မဦးလေးကို တွေ့လိုက်ရဖို့က အရေးကြီးနေတယ်။ ကျွန်မအစ်မက ငိုပဲနေတယ် ဘယ်လိုဖြေရှင်းရမလဲ သူ မစဉ်းစားနိုင်ဘူး
"ကားလက်မှတ်မှ မဖြတ်ရသေးတာ ဘယ်လိုသွားမှာလဲ အဆောင်ကနေ အောင်မင်္ဂလာကားဝန်းသွားဖို့ဆို ၁နာရီကြာမယ် ခု ၃ နာရီ ငါတို့သွားရင် ဘယ်လိုမှ ကားမှီဖို့မဖြစ်နိုင်တော့ဘူး ငါတော့ ဘာမှမလုပ်နိုင်တော့ဘူး မေမေကလည်း မမှီရင် မလာနဲ့လို့ ပြောတယ်" ဆိုပြီး အစ်မက အိပ်ယာပေါ်မှာပဲ ငိုနေခဲ့တယ်။

ကျွန်မဘယ်လိုမှ မတတ်နိုင်ဘူး အိမ်ကို ပြန်ဖို့ပဲကြိုးစားနေတယ်။ ကံကောင်းလို့ အဆောင်က အစ်မတွေကလည်း ပိတ်ရက်ဆိုတော့ ရှိနေခဲ့ကြတယ်။ မကွေးကားဂိတ်နဲ့ သိတဲ့ အစ်မလည်း ရှိတော့ သူက ကူညီပေးတယ် မကွးကားပဲစီးရတော့မှာဆိုတော့ ကျွန်မ မကွေးကားလက်မှတ်လုပ်ပေးနိုင်တဲ့ အစ်မတစ်ယောက်ကို ကားဝန်းကိုဖုန်းဆက်ပေးလို့ ကားကို ထောက်ကြန့်ကနေစောင့်နေပေးဖို့ အကူအညီတောင်းခဲ့ရတယ်။ ဘာမှလုပ်ဖို့အချိန်ကလည်း မရှိတော့ ကျန်အစ်မတွေကို အဝတ်အစား၊ တခြားလိုအပ်တာတွေ ထည့်ပေးဖို့ အကူအညီတောင်းခဲ့ရတယ်။ သူတို့တွေ ကူညီပေးလို့လည်း ကျွန်မလို့ ရေနံချောင်းကို အမှီပြန်ရောက်ခဲ့ပါတယ်။ နယ်ကနေ ရန်ကုန်လာအလုပ်လုပ်သူတွေအတွက် အားကိုးစရာတွေက ကိုယ်နဲ့ အတူနေသူ အစ်မတွေပဲ မဟုတ်လား တက္ကစီ ငှားပေးသူက ငှားပေးနဲ့ ဝရုန်းသုန်းပါပဲ ကျွန်မလည်း ဘယ်လိုမှကို မငိုနိုင်သေးဘူး။ ကျွန်မတို့ တက္ကစီကို ထောက်ကြန့်လမ်းဆုံထိ ငှားလိုက်တယ်။ အဲဒီကနေပဲ မကွေးကားကို စောင့်စီးဖို့ လုပ်လိုက်ကြတယ်။ ကျွန်မလည်း တက္ကစီပေါ်ရောက်တော့မှပဲ စိတ်နည်းနည်း အေးသွားခဲ့တယ်။ တက္ကစီစီးရင်းနဲ့ပဲ မကွေးကားမှီဖို့ ဆုတောင်းရ၊ ဦးလေးမရှိတော့တယ်ဆိုတာ သတင်းအမှားဖြစ်ဖို့ သတိမေ့တာပဲဖြစ်ပါစေလို့ ဆုတောင်းရနဲ့ ကျွန်မလည်း အရမ်းမောနေခဲ့ပါတယ်။ ကားမောင်းတဲ့ ဦးလေးကြီးအမြန်မောင်းပေးတဲ့အတွက် ထောက်ကြန့်ကို မကွေးကားထက် စောရောက်ခဲ့ပါတယ် ကျွန်မစိတ်ထဲကနေ "တော်သေးတယ် တစ်ဆင့်တော့ အောင်မြင်သွားပြီ"

ကံကောင်းစွာနဲ့ပဲ ကျွန်မတို့ ညီအစ်မနှစ်ယောက် မကွေးကားကို စီးပြီး အဆွေးကိုယ်စီနဲ့ မကွေးကို ရောက်ခဲ့ပါတယ်။ မကွေးရောက်တော့ မကွေးကဦးလေးတို့လည်း သွားမယ်ဆိုတာနဲ့ ဦးလေးကားနဲ့ပဲ အမျိုးတွေစုပြီး ရေနံချောင်းကို သွားခဲ့တယ်။ ရေနံချောင်းမြို့ထဲ ဝင်ဝင်ချင်း ကျွန်မစိတ်တွေမနိုင်တော့ဘူး တကယ့် အမှန်တရားကို ကျွန်မ ရင်ဆိုင်ရတော့မယ်လေ။ ကျွန်မစိတ်တွေ လေးလံနေတယ်။ နေရာတစ်ခုကိုရောက်တော့ ဦးလေးက ကားစုတ်တစ်စီးကို ပြတယ်။ စုတ်ပြတ်သတ်လိုက်တာမှ ရစရာမရှိအောင်ကိုပါပဲ။ နောက်သစ်ပင်တစ်ပင်ရယ်။ မြေနေရာတစ်ခုရယ် ထပ်ပြတယ်။ ဒါတွေအားလုံးဟာ ဦးလေးနဲ့ ပတ်သက်တဲ့အရာတွေ ဒီအရာတွေဟာ ဦးလေးကို ကျွန်မတို့ ဆီကနေ ယူဆောင်သွားတဲ့အရာတွေ စိတ်ထဲကနေ ကားမောင်းတဲ့သူကို ပြောဆိုမိတယ်။ သူ့ကြောင့် သူ့ကြောင့်လို့ပေါ့... ဒါပေမယ့်လည်း ကံပါရင် ဖြစ်တတ်တယ်ဆိုတာ သိကြပေမယ့်လည်း ပြောဆိုမိပါတယ်။
အဲဒီနေ့မှာပေါ့ ကျွန်မမေမေရဲ့ တစ်ဦးတည်းသော မောင်လေး ကျွန်မသိပ်ချစ်ရတဲ့ ကျွန်မရဲ့ ဦးလေး ကျွန်မတို့ကို အမှတ်မထင်ထားခဲ့တယ်

၂၀၁၁ ခုနှစ် ဒီဇင်ဘာ မှာလည်း မီးလောင်မှု ဖြစ်ပွားပြီး မိသားစုနဲ့ ခွဲခွာသွားကြတဲ့ သူတွေ အရမ်းကို များပြားခဲ့ကြပါတယ်.... ကျန်ရစ်သူ မိသားစုများကို ကိုယ်ချင်းစာလိုက်မိပါတယ်..... ခံနိုင်ရည်ရှိအောင် ဘယ်လိုများ ကြိုးစားကြရမလဲ.....

သေဖို့ရာ နောက်ဘဝနဲ့ နောက်နှစ် ဘယ်ဟာကပိုနီးလဲနှစ်သစ်လေး ပိုင်ဆိုင်နိုင်ကြပါစေ

Thursday, 29 December 2011

Ebooks

Ebooks လေးတွေပါ။ စုဆောင်းထားလာလေးတွေကို တတ်နိုင်သမျှ ပြန်လည် မျှဝေပေးပါ့မယ်။

English
  1. TheOnlineEnglishGrammar
  2. IELTS

ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်း

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့ဆိုရင် နောက်လိုက်ကောင်း ဖြစ်အောင် အရင်ကြိုးစားရပါမယ်။